ဦးအောင်ဇံဝေ (U Aung Zan Wai)
မဟာသီရိသုဓမ္မ နှင့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်)ရ အငြိမ်းစားဝန်ကြီး ဦးအောင်ဇံဝေ ကို ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ကျောက်တော်မြို့၌ အဖ ဦးစံပေါ်ဦး၊ အမိ ဒေါ်ကြာပွင့် တို့က ၁၈၉၃ခု၊ နိုဝင်ဘာလ (၁၉)ရက်နေ့တွင် မွေးဖွားသည်။ ရခိုင်လူမျိုး ဖြစ်သည်။
ပညာရေး
ပထမ ကမ္ဘာစစ်ကြီး ပြီး၍ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်လာသော အခါ မှော်ဘီ၊ ပျဉ်းမနား၊ တပ်ကုန်း၊ မန္တလေး စသော မြို့များရှိ စိုက်ပျိုးရေး ဥယျာဉ်များ တွင် စိုက်ပျိုးရေး ပညာကို လက်တွေ့လုပ်ကိုင်ရင်း ဆက်လက် လေ့လာ ဆည်းပူးခဲ့သည်။ ၁၉၃၁ တွင် မြန်မာဘုရင်ခံ ဆာ ချားလ် အင်းနစ်၏ စိုက်ပျိုးရေး ပညာ နှင့် စပ်လျဉ်းသော ဂုဏ်ထူးဆောင် လက်မှတ် နှင့် ရွှေတံဆိပ်ဆုကို ချီးမြှင့်ခံခဲ့ရသည်။
နိုင်ငံရေး လှုပ်ရှားမှု
၁၉၃၆ ခုနှစ်တွင် အောက်လွှတ်တော်အမတ်အဖြစ် စစ်တွေမြို့ မှ အရွေးခံရသည်။ ဂျပန်ခေတ် တွင် တရားရေး ဝန်ကြီးဌာန ၌ လက်ထောက် အတွင်းဝန် အဖြစ် ဆောင်ရွက်သည်။ ၁၉၄၅ တွင် ဗိုလ်ချုပ် အောင်ဆန်း ဦးစီးသော ဖဆပလ (နောင် ဖဆပလ) အဖွဲ့ချုပ် တွင် အလုပ် အမှုဆောင်အဖွဲ့ဝင် ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ပင်လုံညီလာခံ ဖြစ်မြောက်ရေး အကြံပေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ဥက္ကဋ္ဌဌ အဖြစ် ပါဝင် ဖွဲ့စည်းသော မြန်မာနိုင်ငံ ဘုရင်ခံ ဆာ ဟူးဘတ်ရန့်စ် ၏ အတိုင်ပင်ခံ ဝန်ကြီးအဖွဲ့ တွင် ဦးအောင်ဇံဝေ သည် လူမှုဝန်ထမ်း၊ ကျန်းမာရေးနှင့် ဝေဒန္တရ ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပါဝင်ခဲ့သည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဦးအောင်ဇံဝေ သည်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၊ ဆာမောင်ကြီး၊ ဦးတင်ထွဋ်၊ ဦးအောင်ဇံဝေ၊ ဗိုလ်ခင်မောင်ကလေး၊ သခင်ဝတင်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မင်းလွင်၊ ဦးကိုကိုလေး၊ မြို့မ ဦးသန်းကြွယ်၊ ဒေါက်တာ စိန်မြမောင်၊ ဗိုလ်သိမ်းဆွေ၊ ဦးတင်ညွန့်၊ ဦးမောင်မောင် စသော မြန်မာကိုယ်စားလှယ်များ၊ အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင် ပါဝင် ဦးဆောင် ခဲ့သည်။
အသက်ဘေး မှ သီသီလေး
လွတ်လပ်ရေး ရပြီးနောက်ပိုင်း
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပါလီမန်အမတ်အဖြစ် စစ်တွေမြို့ မှ ရွေးချယ်ခံရပြီး လူမှုဝန်ထမ်းနှင့် ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ထို့နောက် ၁၉၄၉ ခုနှစ်တွင် လူမျိုးစုရေးရာ ဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၃ ခုနှစ် ဇွန်လ (၁)ရက်နေ့တွင် ရာထူးဝန်အဖွဲ့ ( ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့ ) အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ဦးအောင်ဇံဝေသည် ၁၉၇၀ ပြည့်နှစ် တွင် ကျင်းပသော အမျိုးသား အောင်ပွဲနေ့ ရွှေရတုသဘင် ဖြစ်မြောက်ရေး ကော်မတီ တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။
ဘဝနိဂုံး
ဦးအောင်ဇံဝေ သည် ၁၉၈၄ ခုနှစ် ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ဇနီး ဒေါ်စံသာနု နှင့် သမီးနှစ်ယောက် သားတစ်ယောက် ကျန်ရစ်ခဲ့သည်။
ကိုးကား
* မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၉၈) စာ-၂၉၄။
* https://www.facebook.com/notes/kyaw-naing/%E1%80%95%E1%80%84%E1%80%B9%E1%80%9C%E1%80%B6%E1%80%AF%E1%80%87%E1%80%AC%E1%80%90%E1%80%B9%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%9C%E1%80%B7%E1%80%9C%E1%80%AC%E1%80%B1%E1%80%9E%E1%80%AC%E1%80%B9/603280379685955
(သန်းဝင်းလှိုင် ဇန်န၀ါရီ ၂၇၊ ၂၀၁၃)