Pages

ဦးအောင်ဇံဝေ (U Aung Zan Wai)


ဦးအောင်ဇံဝေ (U Aung Zan Wai)
မဟာသီရိသုဓမ္မ နှင့်​ နိုင်ငံ့​ဂုဏ်ရည်ဘွဲ့​ (ပထမဆင့်​)ရ အငြိမ်း​စား​ဝန်ကြီး​ ဦး​အောင်ဇံ​ဝေ ကို ရခိုင်ပြည်နယ်၊​ စစ်​တွေခရိုင် ​ကျောက်​တော်မြို့​၌ အဖ ဦးစံပေါ်ဦး​၊​ အမိ ​ဒေါ်ကြာပွင့်​ တို့​က ၁၈၉၃ခု၊​ နိုဝင်ဘာလ (၁၉)ရက်​နေ့​တွင် ​မွေး​ဖွား​သည်။ ရခိုင်လူမျိုး ဖြစ်သည်။



ပညာရေး

ရန်ကုန်မြို့​ စိန်​ပေါ အထက်တန်း​ကျောင်း​တွင် ပညာသင်ကြား​သည်။ ထို့​နောက် သီရိလင်္က࿿ာနိုင်ငံ ကိုလံဘိုမြို့​ရှိ မဟာ​ဗောဓိ​ကောလိပ်တွင် ဆက်လက် ပညာသင်ကြား​ရာ လန်ဒန် မက်ထရစ် ​အောင်သည်။ ပထမ ကမ္ဘာစစ် ဖြစ်ပွား​ချိန်တွင် ပညာသင်ရပ်၍ စစ်​တွေမြို့ သို့​ ပြန်ခဲ့​ရာ ကာလတ္တား​မြို့​တွင် ​သောင်တင်​ နေခိုက် ဘုံဘေပြည်နယ် ပူး​နား​မြို့​ ရှိ စိုက်ပျိုး​ရေး​ သိပ္ပံ​ကျောင်း​ တွင် စိုက်ပျိုး​ရေး​ ပညာရပ်များ​ကို သင်ကြား​ဆည်း​ပူး​ခဲ့​သည်။

ပထမ ကမ္ဘာစစ်ကြီး ​ ပြီး​၍ မြန်မာနိုင်ငံသို့​ ပြန်လည်​ ရောက်လာ​သော အခါ ​မှော်ဘီ၊​ ပျဉ်း​မနား​၊​ တပ်ကုန်း​၊​ မန္တ​လေး​ စ​သော မြို့​များ​ရှိ စိုက်ပျိုး​ရေး​ ဥယျာဉ်များ​ တွင် စိုက်ပျိုး​ရေး ပညာကို လက်​တွေ့​လုပ်ကိုင်ရင်း​ ဆက်လက်​ လေ့​လာ ဆည်း​ပူး​ခဲ့​သည်။ ၁၉၃၁ တွင် မြန်မာဘုရင်ခံ ဆာ ချား​လ် အင်း​နစ်၏ စိုက်ပျိုး​ရေး​ ပညာ နှင့်​ စပ်လျဉ်း​သော ဂုဏ်ထူး​ဆောင် လက်မှတ် နှင့်​ ​ရွှေတံဆိပ်ဆုကို ချီး​မြှင့်​ခံခဲ့​ရသည်။




နိုင်ငံရေး လှုပ်ရှားမှု

 ၁၉၁၈ ခုနှစ်မှ စတင်၍ နိုင်ငံ​ရေး​လောကသို့​ ဝင်​ရောက်ခဲ့​ပြီး​ ရက္ခပူရ ​ခေါ် ရခိုင်အသင်း​ကြီး ​၏ အတွင်း​ရေး​မှူး​ အဖြစ် ​ဆောင်ရွက်ခဲ့​သည်။ ဂျီစီဘီ​အေ အသင်း​ကြီး​ ၏ အသင်း​ဝင်လည်း​ ဖြစ်ခဲ့​သည်။ ထို့​နောက် ​ကျောက်​တော်မြို့​တွင် အင်္ဂ္လိပ်-မြန်မာ အလယ်တန်း​ကျောင်း​ကို တည်​ထောင်၍ ​ကျောင်း​အုပ် အဖြစ် ​ဆောက်ရွက်သည်။

၁၉၃၆ ခုနှစ်တွင် ​အောက်လွှတ်​တော်အမတ်အဖြစ် စစ်​တွေမြို့ မှ အ​ရွေး​ခံရသည်။ ဂျပန်​ခေတ် တွင် တရား​ရေး​ ဝန်ကြီး​ဌာန ၌ လက်​ထောက် အတွင်း​ဝန် အဖြစ် ​ဆောင်ရွက်သည်။ ၁၉၄၅ တွင် ဗိုလ်ချုပ်​ အောင်ဆန်း​ ဦး​စီး​သော ဖဆပလ (​နောင် ဖဆပလ) အဖွဲ့​ချုပ် တွင် အလုပ် အမှု​ဆောင်အဖွဲ့​ဝင် ဖြစ်ခဲ့​သည်။ ၁၉၄၇ ခုနှစ်တွင် ပင်လုံညီလာခံ ဖြစ်​မြောက်​ရေး​ အကြံ​ပေး​အဖွဲ့​ဝင်အဖြစ် ​ဆောင်ရွက်ခဲ့​သည်။ ထို့​နောက် ဗိုလ်ချုပ်အောင်ဆန်း ဥက္ကဋ္ဌဌ အဖြစ် ပါဝင် ဖွဲ့​စည်း​သော မြန်မာနိုင်ငံ ဘုရင်ခံ ဆာ ဟူး​ဘတ်ရန့်​စ် ၏ အတိုင်ပင်ခံ ဝန်ကြီး​အဖွဲ့​ တွင် ဦး​အောင်ဇံ​ဝေ သည် လူမှုဝန်ထမ်း​၊​ ကျန်း​မာ​ရေး​နှင့်​ ​ဝေဒန္တရ ဝန်ကြီး​ဌာန ဝန်ကြီး​အဖြစ် ပါဝင်ခဲ့​သည်။ 


၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဦးအောင်ဇံဝေ သည်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း  ၊ ဆာမောင်ကြီး၊ ဦးတင်ထွဋ်၊ ဦးအောင်ဇံဝေ၊ ဗိုလ်ခင်မောင်ကလေး၊ သခင်ဝတင်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မင်းလွင်၊ ဦးကိုကိုလေး၊ မြို့မ ဦးသန်းကြွယ်၊ ဒေါက်တာ စိန်မြမောင်၊ ဗိုလ်သိမ်းဆွေ၊ ဦးတင်ညွန့်၊ ဦးမောင်မောင် စသော  မြန်မာကိုယ်စားလှယ်များအခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင် ပါဝင် ဦးဆောင် ခဲ့သည်။



အသက်ဘေး မှ သီသီလေး

၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်​နေ့​တွင် အမျိုး​သား​ ​ခေါင်း​ဆောင်ကြီး​ ဗိုလ်ချုပ်​အောင်ဆန်း​နှင့်​တကွ ဝန်ကြီး​များ​အား​ လူမသမာများ​က လုပ်ကြံ သတ်ဖြတ်ရာတွင် ဦး​အောင်ဇံ​ဝေသည် အသက်​ဘေး​မှ သီသီ​လေး​ လွတ်​မြောက်ခဲ့​သည်။



လွတ်လပ်ရေး ရပြီးနောက်ပိုင်း

မြန်မာနိုင်ငံ လွတ်လပ်​ရေး​ရပြီး​နောက် ပါလီမန်အမတ်အဖြစ် စစ်တွေမြို့ မှ ​ရွေး​ချယ်ခံရပြီး​ လူမှုဝန်ထမ်း​နှင့်​ ကျန်းမာ​ရေး​ ဝန်ကြီး​ဌာန ဝန်ကြီးအဖြစ် ခန့်​အပ်ခြင်း​ခံရသည်။ ထို့​နောက် ၁၉၄၉ ခုနှစ်တွင် လူမျိုး​စု​ရေး​ရာ ဝန်ကြီး​ အဖြစ် ​ဆောင်ရွက်ခဲ့​သည်။ ၁၉၅၃ ခုနှစ် ဇွန်လ (၁)ရက်​နေ့​တွင် ရာထူး​ဝန်အဖွဲ့​ ( ဝန်ထမ်း​ရွေး​ချယ်​ လေ့​ကျင့်​ရေး​အဖွဲ့ ​) အဖွဲ့​ဝင်အဖြစ် ခန့်​အပ်ခြင်း​ခံရသည်။ ဦး​အောင်ဇံ​ဝေသည် ၁၉၇၀ ပြည့်​နှစ် တွင် ကျင်း​ပ​သော အမျိုး​သား​ အောင်ပွဲ​နေ့​ ​ရွှေရတုသဘင် ဖြစ်​မြောက်​ရေး​ ​ကော်မတီ တွင် အဖွဲ့​ဝင်အဖြစ် ပါဝင်​ဆောင်ရွက်ခဲ့​သည်။


ဘဝနိဂုံး

ဦး​အောင်ဇံ​ဝေ သည် ၁၉၈၄ ခုနှစ် ဒီဇင်ဘာလ (၂၉)ရက်​နေ့​တွင် ရန်ကုန်မြို့​၌ ကွယ်လွန်သည်။ ဇနီး​ ​ဒေါ်စံသာနု နှင့်​ သမီး​နှစ်​ယောက် သား​တစ်​ယောက် ကျန်ရစ်ခဲ့​သည်။


ကိုးကား

* မြန်မာ့​စွယ်စုံကျမ်း​နှစ်ချုပ် (၁၉၉၈) စာ-၂၉၄။
* https://www.facebook.com/notes/kyaw-naing/%E1%80%95%E1%80%84%E1%80%B9%E1%80%9C%E1%80%B6%E1%80%AF%E1%80%87%E1%80%AC%E1%80%90%E1%80%B9%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%9C%E1%80%B7%E1%80%9C%E1%80%AC%E1%80%B1%E1%80%9E%E1%80%AC%E1%80%B9/603280379685955
(သန်းဝင်းလှိုင် ဇန်န၀ါရီ ၂၇၊ ၂၀၁၃)